BOOK DETAILS

ရနောင်မောင်မောင်တုတ်

File Info :  

epub, kfx


သီပေါမင်းလက်ထက်ကက ကုန်းဘောင်ခေတ်နှောင်း နန်းတွင်းအရှုပ်တော်ပုံ ဇာတ်လမ်းများတွင် အဓိကဇာတ်ဆောင် အဖြစ် ပါဝင်ခဲ့သော နာမည်ကြီး မင်းမှု့ထမ်း ရနောင်မောင်မောင်တုတ်အကြောင်းကို အတ္ထုပတ္တိဟန် ရသ သမိုင်းနောက်ခံဝတ္ထုပုံစံဖြင့် ဖတ်ရှု့ကြရမည်ဖြစ်သည်။ သူ၏အကြောင်းနှင့်တကွ သီပေါမင်း၊ ရနောင်မောင်မောင်တုတ်၊ ဒိုင်းခင်ခင်၊ စုဖုရားလတ်တို့၏ လေးပွင့်ဆိုင် ဇာတ်လမ်းကိုပါ ထည့်သွင်းရေးသားထားသည်။ သည်းထိတ်ရင်ဖိုဇာတ်လမ်းထဲက မင်းသားတစ်ယောက်။ ရနောင်မောင်မောင်တုတ်ဆိုတာ ဘယ်သူလဲ။ အနိမ့်စခန်းမှ ရွှေဘုံနန်းသို့။ သီပေါဘုရင်နှင့် ရနောင်မောင်မောင်တုတ်။ စွန့်စွန့်စားစား အချစ်ဇာတ်လမ်းများ။ (ဆင်ခိုးမလေး၊ အမရပုရမြို့သူ ဖြူဖြူ၊ မထွေးလေး)၊ မင်းခယောကျာ်းတစ်ဦး၏ ဘဝနိဂုံး ဟူ၍ အခန်း ၇ ခန်း တင်ပြထားသည်။

About Author

မောင်ဖေငယ်
1 Book

❝ စာ တစ်အုပ် ကြောင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံရသော စာရေးဆရာ ❞

မောင်ဖေငယ် ဟာ စာရေးဆရာ တစ်ယောက် ဖြစ်ပေမယ့် ကျွန်တော် နဲ့ စာပေလောက မှာ စတင် ထိတွေ့ ရတာ မဟုတ်ဘဲ ထောင် ထဲ ရောက် မှ ခပ်လှမ်းလှမ်း က မြင်တွေ့ ၊ နှုတ်ဆက် ပြီး သိကျွမ်း ခဲ့ရတာပါ ။ ထောင် က လွတ် လာကြ ပြီး တဲ့ နောက် မှ သူ ကွယ်လွန်တဲ့ အထိ ရင်းနှီးတဲ့ ငယ်ပေါင်းတွေ လို ခင်မင် ခဲ့ပါတယ် ။ သူ ဟာ စာ ရေးသားမှု နဲ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျခံခဲ့ရသူပါ။ စာအုပ် ရေး လို့ ၊ သတင်းစာ ထုတ် လို့ ထောင်ဒဏ် ကျခံရတဲ့ နာမည်ကြီး စာရေးဆရာ တွေ က လူထုဦးလှ နဲ့ ဗန်းမော်တင်အောင် တို့ ဖြစ်ပါတယ် ။ လူထု သတင်းစာ မှာ ဖဆပလ အစိုးရ ရဲ့ အုပ်ချုပ်မှု အမှား တွေ ၊ အားနည်းချက် တွေ ကို သတင်းစာ ထဲ ထည့် ရေးခဲ့တာကြောင့် လူထုဦးလှ ကို ထောင် အကြိမ်ကြိမ် ပြစ်ဒဏ် ချခဲ့ပါတယ် ။ ဦးလေးလှ ဟာ ထောင် ထဲ မှာ ပဲ “ ထောင် နဲ့လူသား ” ၊ “ လှောင်ချိုင့်တွင်းမှ ငှက်ငယ်များ ” ၊ “ လေ နဲ့ အတူ ” ၊ “ စစ် ၊ အချစ် နှင့် ထောင် ” စတဲ့ ထောင် နဲ့ ပတ်သက်တဲ့ ဝတ္ထု တွေ အဖြစ်အပျက် တွေ ကို ရေးခဲ့တာ ကြောင့် ပိုမို ထင်ရှားခဲ့တယ် ။ ထောင်ဘဝ နဲ့ ထောင်ကျ လူသားတွေ အကြောင်း အပီပြင်ဆုံး ရေးနိုင်ပြီး ထင်ရှားတဲ့ စာရေးဆရာကြီး ဖြစ်ပါတယ် ။ ဗန်းမော်တင်အောင် က လည်း လင်းယုန်ဂျာနယ် ၊ လင်းယုန်သတင်းစာတွေ ထုတ်ဝေပြီး ဖဆပလအစိုးရ ကို ထိပါးတဲ့ သတင်း တွေ ၊ ဆောင်းပါး တွေ ဖော်ပြခဲ့တာကြောင့် ထောင် ကျ ခဲ့ရ သလို အမေ ၊ ပြည်တော်သာခင်ခင်ဦး ၊ မုန်တိုင်းကထန် စတဲ့ ပြည်တွင်းစစ် ကို ဆန့်ကျင် တဲ့ စာအုပ်တွေ ၊ အဖိနှိပ်ခံ အလုပ်သမား လူတန်းစား အကြောင်း ရေး တဲ့ စာအုပ်တွေကြောင့် ထောင် အကြိမ်ကြိမ် ကျခဲ့ပါတယ် ။ သူ ရဲ့ မြိုင် ဝတ္ထု ဆို ရင် ထောင် ထဲ မှာ ပဲ ရေး ခဲ့တာပါ ။ မြသန်းတင့် ရဲ့ အမှောင်ရိပ်ဝယ် ၊ ၁ဝ ကြိမ်မြောက် အလည် ရောက်ခြင်း စတဲ့ ထောင်ဝတ္ထု တွေ က လည်း စာပေသမိုင်း မှာ ထိပ်ဆုံး မှာ ရှိခဲ့တာပါပဲ ။ ရန်အောင်မောင်မောင် တို့ လို စာရေးဆရာ တွေ က တော့ အဖမ်း ခံရပြီး ထောင် တွင်း အကြောင်း ရေး ကြတာ မဟုတ်ဘဲ ထောင်မှူး ထောင်ပိုင်တွေအဖြစ် တာဝန် ထမ်းဆောင် ရင်း ထောင် အကြောင်း ရေးကြတာ ဖြစ်ပါတယ် ။

စာ ရေး လို့ အမြင့်ဆုံးထောင်ဒဏ် ကျခံ ရ သူ ကတော့ မောင်ဖေငယ် ပါ ။ လူထုဦးလှ ၊ ဗန်းမော်တင်အောင် တို့ က အမြင့်ဆုံး ထောင်ဒဏ် ၅ နှစ် လောက် ပဲ ကျ ပေမယ့် မောင်ဖေငယ် က တော့ တစ်သက်တစ်ကျွန်း ကျတယ် ။ ( ကျွန်တော့် ကို သူ ပြောပြ တာက သူ ရဲ့တစ်သက်တစ်ကျွန်း ပြစ်ဒဏ် က အမြင့်ဆုံး ‘ က ’ အဆင့် ဖြစ်တယ်လို့ ပြောပါတယ် ) ရေး တဲ့ စာအုပ် က လည်း သမိုင်း စာအုပ် ဖြစ်ပါတယ် ။ “ ဖောင်းကားစားမောင်မောင် ” ဆိုတဲ့ ကုန်းဘောင်ခေတ် မင်းဆိုးမင်းညစ် တစ်ပါး အကြောင်း ရေးတာပါ ။ စာရေးဆရာ ဟာ ဖောင်းကားစားမောင်မောင် ကို အကြောင်း ပြုပြီး မဆလခေတ် ကို စောင်း ရေးတယ် ။ ကုန်းဘောင်ခေတ် မင်း ကို ရေး သလိုလို နဲ့ လက်ရှိ မြန်မာ့ဆိုရှယ်လစ်စနစ် ကို တိုက်ခိုက်တယ် ။ ခေါင်းဆောင်တွေ ကို စော်ကားတယ် ဆိုပြီး အမြင့်ဆုံး ပြစ်ဒဏ် ချမှတ် လိုက်တာပါ ။ မောင်ဖေငယ် ရေးတဲ့ ထဲ မှာ “ မယား ပြီး မယား ၊ စပါး ပြီး စပါး ၊ စကား ပြီး စကား ” ဆိုတဲ့အရေးအသား ဟာ ဖောင်းကားစားမောင်မောင်မင်း ကို ရေးသလိုလို နဲ့ လက်ရှိ ခေတ်ခေါင်းဆောင်တွေ ကို စောင်း ရေးတာ ကြောင့် အပြစ် ကြီးတယ် ဆိုပြီး တစ်သက်တစ်ကျွန်း ချ လိုက်တာပါပဲ ။

သူ ထောင်ကျ ပြီးတဲ့ နောက် ၁၉၇၈ ခုနှစ် မှာ စာရေးဆရာ ၊ ကဗျာဆရာတွေ အများအပြား အစုလိုက် အပြုံလိုက် အဖမ်း ခံရပါတယ် ။ တစ်ပြည်လုံး နယ် အသီးသီး ၊ မြို့အသီးသီး က လူ အတော်များများ ကို ပုဒ်မ ၅ ( ည ) နဲ့ ဖမ်းဆီးခဲ့ခြင်း ဖြစ်ပါတယ် ။ အင်းစိန်ထောင် က ကိုယ်တွေ့ အားလုံး မှာ ၅ ( ည ) တွေ နဲ့ ပြည့်ကျပ် နေတာ ကြောင့် အဆောင်တွေ ကို ပို့ ရပါတယ် ။ ၃ - ဆောင် မှာ အများဆုံး ရောက်တာပါပဲ ။

အဲဒီ အချိန် မှာ မောင်ဖေငယ် က ထောင် ကျ ပြီး တောင်ယာ တန်းစီး ဖြစ် နေပါပြီ ။ တောင်ယာ ဆိုတာ က ထောင် မှာ သီးနှံအမျိုးမျိုး စိုက်ပျိုးပါတယ် ။ မုန်လာ ၊ မုန်ညင်း ၊ ဂေါ်ဖီ ၊ ကိုက်လန် စတဲ့ စားပင်တွေ ကို ထောင် ရဲ့ တောင်ယာ စိုက်ခင်း မှာ လည်း စိုက် ပါတယ် ။ ထောင် မှာ အုတ်ရိုး နှစ်ထပ် ရှိ ပါတယ် ။ အပြင် အုတ်ရိုးအမြင့်ကြီး နဲ့ အတွင်း အုတ်ရိုး အနိမ့် နှစ်ခုကြား အတွင်း မှာ စိုက်ခင်းတွေ ရှိပါတယ် ။ မောင်ဖေငယ် က တော့ ၃ ဆောင် စိုက်ခင်း ရဲ့ တောင်ယာ တန်းစီး ပါ ။ တန်းစီး ဆိုတာ က အလုပ် လုပ် ရတဲ့ ထောင်ကျတွေ ကို အုပ်ချုပ် ရတဲ့ အကျဉ်းသား အရာရှိ ကို ခေါ်တာပါ ။

ပျဉ်းမနား က မောင်သင်းခိုင် ၊ ဇော်ဝင်းကို ၊ မြင်းခြံ က မောင်လူမှိန် ၊ မောင်ဝင်းဗိုလ် ၊ တောင်ကြီး က မောင်မြေနီ စတဲ့ ကဗျာဆရာတွေ ၊ ရန်ကုန် က သခွပ်နီ ၊ ပြည်တော်ဦး ၊ မောင်အောင်ပွင့် စတဲ့ ကဗျာဆရာ တွေ ဟာ ထောင် ထဲ အပြုံ လိုက် ရောက် လာ ကြတာပါ ။ သူ့ လို စာရေးဆရာ ၊ ကဗျာဆရာ တွေ ရောက် လာတော့ မောင်ဖေငယ် အဖို့ မျက်နှာ လွှဲ လို့ ဘယ် ရတော့မလဲ ။ ကျွန်တော် တို့ ဟာ ထောင်ဝင်စာ မရှိ ကြတော့ ငတ် ပါတယ် ။ ထောင် က ကျွေးတဲ့ ထမင်း ပဲ စား ရပါတယ်။

ဒါကြောင့် မောင်ဖေငယ် က သူ့ လူတွေ နဲ့ အတူ ငါးပိ ကြော် ပါတယ် ။ ထောင် ငါးပိ မျိုး မဟုတ်ဘဲ ငရုတ်သီး ၊ ပုစွန်ခြောက် ၊ ငါးခြောက် ၊ စိမ်းစားငါးပိ တွေ ထည့်ပြီး အတတ်နိုင်ဆုံး များများ ထည့်ပြီး ကျွန်တော် တို့ စာပေသမား အားလုံး စား နိုင်အောင် ဒယ်အိုးကြီး နဲ့ ကြော်တာပါ ။ ပြီးတာ နဲ့ ကျွန်တော် တို့ ထံ ပို့ ပေးပါတယ် ။ အသီးအရွက် တွေ ကိုလည်း ကြော် ပေး သလို တို့စရာ အဖြစ် ခရမ်းသီး ၊ ကိုက်လန် ၊ ကန်စွန်းရွက် စတဲ့ တို့စရာ အရွက်တွေ ကို လည်း ပို့ပေး လေ့ ရှိပါတယ် ။ ရာဇဝတ်မှု နဲ့ ထောင်ကျ တွေ ကြား နှစ် နဲ့ ချီပြီး နေလာ ရ တဲ့ မောင်ဖေငယ် ဟာ သူ နဲ့ ဝါသနာ တူ စာရေးဆရာ ၊ ကဗျာဆရာတွေ ရောက် လာတော့ တော်တော်လေး ပျော်ရွှင် သွားတယ် ။ သူ တတ် နိုင်တာတွေ ၊ ကူညီ နိုင်တာတွေ ကို လည်း ကူညီ ချင် ပုံ ရပါတယ် ။ ကျွန်တော် တို့ နဲ့ တွေ့ချင် ပြောချင် ပေမယ့် ပြောခွင့် တွေ့ခွင့်တော့ မရ ရှာပါဘူး ။ မသိမသာ တွေ့ပြီး မိနစ်ပိုင်း လောက် ပဲ စကား ပြော ရတယ် ။ ၅ ( ည ) တို့ ၊ ၁၀ ( က ) တို့ လို ပုဒ်မ နဲ့ လူတွေ ကို တခြားအကျဉ်းသားတွေ က စကား ပြော ခွင့် မရပါဘူး ။

အထူးသဖြင့် ပြစ်ဒဏ် မကျသေးတဲ့ အချုပ်ကာလ ဆိုရင် အဆက်အသွယ် လုပ် လို့ မရပါဘူး ။ မောင်ဖေငယ် က တစ်သက်တစ်ကျွန်း ကျ နေတဲ့ စာရေးဆရာ ဖြစ်ပြီး ၊ ကျွန်တော် တို့ က တော့ အချုပ်ကာလ ပဲ ရှိတာကြောင့် အဆက်အသွယ် မလုပ်ရ ၊ အပေးအကမ်း မလုပ်ရပါဘူး ။ ဒါပေမဲ့ မောင်ဖေငယ် ဟာ အခက်အခဲတွေ ကြား ထဲ က နေ သူ ချစ်တဲ့ စာပေသမား တွေ ကို အကူအညီ ပေးခဲ့တာ ကို ယခု တိုင် သတိ ရ နေပါတယ် ။

မောင်ဖေငယ် ရေး ခဲ့တဲ့ ရနောင်မောင်မောင်တုတ် ၊ ဖောင်းကားစားမောင်မောင် စတဲ့ စာအုပ်တွေ အပြင် သမိုင်း နှင့် ဝိရောဓိဖြစ်ခြင်း စာအုပ် လိုမျိုး သမိုင်းပညာရှင်တွေ ကြား ငြင်းခုံဆွေးနွေးစရာတွေ ရှိတဲ့ စာအုပ် နဲ့ သမိုင်း အမြင် မျိုး က လည်း ရှားပါတယ် ။ မောင်ဖေငယ် ရဲ့ ဖောင်းကားစားမောင်မောင် စာအုပ် နာမည် ကြီးတာ ရော ၊ စာရေးသူ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျ သွားတာရော ကြား သိ ခဲ့ရပေမယ့် မသိကျွမ်း ခဲ့ရပါဘူး ။ ထောင် ထဲ ဆုံခဲ့ပေမယ့် လည်း မိတ်ဆွေအဖြစ် နှုတ်ဆက် ရုံ ရှိကြသလို ငတ် နေတဲ့ အချိန် သူ့ ကျေးဇူးကြီး ခဲ့တာ ကို လည်း သတိ ရခဲ့ပါတယ် ။ ဒီလို ထောင် ထဲ နေရင်း ကံကြမ္မာ အလှည့် အပြောင်း ဖြစ် လာပါတယ် ။ ကျွန်တော်တို့ အုပ်စုကြီး ကို လည်း ရုံးတင် တရားစွဲ နေပါပြီ ။ ထောင်ဘူးဝ တရားရုံး ကို ထွက် နေရတာ ကြောင့် ကျွန်တော် တို့ လည်း အိမ် က ပါဆယ် ရ လာကြတယ် ။

ဒါကြောင့် အစောပိုင်း က လို မငတ်ကြတော့ပါဘူး ။ ရုံးထွက် ပြ ရ တာကြောင့် အဆောင် ကနေ တိုက်ခန်းတွေ ဆီ ပြောင်းလဲ တဲ့ အတွက် မောင်ဖေငယ် နဲ့ လည်း ဝေး ခဲ့ကြရပါတယ် ။ အဲဒီ အချိန် မှာ ၂/၈၀ အမိန့် ဆိုတဲ့ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကြီး ထွက် လာပါတော့တယ် ။ ဒီ အမိန့် ကြောင့် နိုင်ငံတော်ပုန်ကန်မှု ၊ တောတွင်း နဲ့ ဆက်သွယ်မှု ၊ မတရားသင်းပုဒ်မ ၅ ( ည ) ပုဒ်မ စတဲ့ အမှုတွေ ဟာ အရင်ဆုံး အကျိုး ခံစား ရပါတယ် ။ နိုင်ငံ့ခေါင်းဆောင် တွေ ကို လုပ်ကြံရန် ကြံစည်တာ ကြောင့် သေဒဏ် ကျခံရတော့မယ့် မန်းငွေအောင် ၊ ကျော်ထူး ၊ မန်းဒါဝိတ် စသူ တွေ ဟာ သေဒဏ် က လွတ်မြောက် ရုံ မကဘူး ထောင်ကျ လည်း ချက်ချင်း လွတ် သွားပါတယ် ။ သခင်စိုး လည်း တစ်သက်တစ်ကျွန်း ပြစ်ဒဏ် က လည်း လုံးဝ လွတ်မြောက် သွား ခဲ့သလို မောင်ဖေငယ် ကို လည်း ထောင် က ချက်ချင်း လွှတ် ပေး လိုက်တယ် ။ ကျွန်တော် တို့ လည်း လွတ်မြောက် လာခဲ့ပါတယ် ။

အပြင် ရောက် ကြတဲ့အခါ စာရေးဆရာတွေ ကို မေတ္တာ နဲ့ အခမဲ့ ဆေး ကု ပေးတဲ့ ကျောက်မြောင်း က ဒေါက်တာတင်စံဦး ထံ စာရေးဆရာ တွေ သွားရောက် ပြသရင်း က နေ မောင်ဖေငယ် နဲ့ ပြန် ဆုံ ရပါတော့တယ် ။ ဒီ အချိန် မှာ တော့ ထောင် ထဲ တုန်း ကလို အချုပ်အချယ် နဲ့ မဟုတ်ကြတော့ ပဲ လွတ်လွတ်လပ်လပ် ၊ ပေါ့ပေါ့ပါးပါး တွေ့ ဖြစ်တာပါ ။ မောင်ဖေငယ် က နိုင်ငံရေးသမား မဟုတ်ပါဘူး ။ နိုင်ငံရေးစာပေ ရေး တဲ့ စာရေးဆရာ လည်း မဟုတ်ပါဘူး ။ သမိုင်း စာရေးဆရာ ပါ ။ သမိုင်း ကို အလွန် စိတ်ဝင်စားတဲ့ သမိုင်းပညာရှင် လည်း ဖြစ်ပါတယ် ။ သူ ဟာ ဆရာဦးသုခ ရဲ့ သွေး လည်း ဖြစ် ပါတယ် ။ စာရေးဆရာ ရုပ်ရှင်ဒါရိုက်တာ ဦးသုခ ရဲ့ တူ အရင်း ပါပဲ ။ ဦးသုခ က စာပေ ဘက် ဝါသနာ ပါတဲ့ သူ့ တူ ကို မန္တလေး လူထုသတင်းစာ တိုက် မှာ ထား ပေးတယ် ။ မောင်ဖေငယ် ဟာ မန္တလေးသား လည်း ဖြစ်ပါတယ် ။ လူထု မှာ အလုပ် လုပ်ရင်း စာ တွေ ရေး ဖြစ်သလို ပုံနှိပ်ပညာ ၊ သတင်းစာပညာတွေ ကို လက်တွေ့ လုပ်ရင်း ရရှိခဲ့တယ် ။ နောင် စာရေး မယ် ဆိုပြီး ရန်ကုန် ရောက် လာတာပါ ။

ပိန်ပိန်ပါးပါး ၊ ဖြူဖြူချောချောနဲ့ မောင်ဖေငယ် ဟာ စိတ် သဘောထား လည်း အလွန်ဖြူစင် ပါ တယ် ။ ကူညီရိုင်းပင်းစိတ် ရှိတယ် ။ အပေါင်းအသင်း မိတ်ဆွေ တွေ ရဲ့ အနွံအတာ ကို ခံတယ် ။ အကူအညီ လည်း ပေးပါတယ် ။ ခင်မင်စရာကောင်း တဲ့ မောင်ဖေငယ် နဲ့ အပြင် ရောက်တဲ့ အခါ ကျွန်တော် တွဲ ဖြစ်ပါတယ် ။ သူ နဲ့ အတွဲ များ တဲ့ မောင်ခေတ်ထွန်း နဲ့ ပါ ခင်မင်ခဲ့တယ် ။ မောင်ဖေငယ် က သူ မှန် တယ် ထင် ရင် ပြတ်ပြတ်သားသား လုပ်တယ် ။ သူ့ အပေါ် စီးပိုးတယ် လို့ သူ ယူဆ တဲ့ ထုတ်ဝေသူ တွေ ကို ခပ်ပြတ်ပြတ် ရင်ဆိုင်တယ် ။ သူ ဟာ ရောဂါ ဖြစ် လို့ ဆေး ကုတာ က အစ သူ ထင် သလို လုပ် တတ်တယ် ။ ဒါကြောင့်လည်း အသေ စော သွားတယ် လို့ ပြော ရလိမ့်မယ် ထင်ပါတယ် ။

မောင်ဖေငယ် မှာ ဆီးချိုရောဂါ ရှိပါတယ် ။ အချို မစားရ ၊ အငန် မစားရ ၊ အဆီ မစားရ ဆိုတဲ့ ဆရာဝန် ရဲ့ကန့်သတ်ချက် တွေ ကို သူ က သိပ် မလိုက်နာချင်ပါဘူး ။ ကျွန်တော် တို့ နဲ့ လက်ဖက်ရည်ဆိုင် ထိုင် ရင် အချိုဆုံး ကျောက်ပန်းတောင်း လို့ မှာ ပြီး သောက် တာမျိုး လည်း ရှိတယ် ။ ကျွန်တော် က “ သူငယ်ချင်း ဆီးချို လည်း ရှိတယ် ဆိုပြီး ဘာဖြစ်လို့ ကျောက်ပန်းတောင်း မှ သောက် ရတာလဲ ” လို့ မေးတဲ့အခါ “ ဆီးချို တော့ ရှိတာပေါ့ ။ ဒါပေမဲ့ ဆိုးဆိုးရွားရွားတော့ မဟုတ်ပါဘူး ။ တစ်ခါတလေ အချို ပြင်းပြင်းလေး သောက် ကြည့်ချင်တာပေါ့ ” လို့ ရယ်ကျဲကျဲ နဲ့ ဖြေ ပါတယ် ။ မောင်ဖေငယ် ဟာ ရန်ကုန် မှာ နေရေး နဲ့ စားရေး အတွက် စာ ပဲ ရေးပြီး ရပ်တည် ခဲ့ရတာပါ ။ သူ နောက်ဆုံး နေသွားတာ က ကန်တော်လေး ၊ မန္တလေးလမ်း မှာပါ ။ သူ ဆုံးသွားတာ ကို စာပေနယ် က မသိကြလို့ ဖြစ် ပါလိမ့်မယ် ။ သူ့ အသုဘ မှာ စာရေးဆရာ တွေ သိပ် မတွေ့ရပါဘူး ။ ဘယ်လိုပဲ ဖြစ်ဖြစ် စာ တစ်အုပ် ရေး တာကြောင့် အမြင့်ဆုံး ပြစ်ဒဏ် ထောင်ဒဏ် တစ်သက် တစ်ကျွန်း ကျခံ ရတာ ဟာ ခေတ်သစ် မြန်မာစာပေ လောက မှာ မောင်ဖေငယ် တစ်ဦး တည်း ရှိလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ် ။

◾️ထက်မြက်

? သံတိုင်ကြား က ဘဝများ

#ကိုအောင်နိုင်ဦး

0 Reviews