BOOK DETAILS

ပိုချစ်ရတဲ့သူကိုယ်ဖြစ်ပါစေ

File Info :  

epub, kfx


“ကြယ်ဆိုတာက ကိုယ်တို့အတွက် လောင်ကျွမ်းနေရ။ ကိုယ်တို့ကဘာမှပြန်မပေးနိုင်ဘူးဆိုပါရင်၊ ဒါမျိုးဟာကောင်းရဲ့လား။ ချစ်ခြင်းမတူနိုင်သော်မှဖြင့် ပိုချစ်တဲ့သူ ကိုယ်ဖြစ်ပါရ‌စေ။”

သဘာဝပတ်ဝန်းကျင်ဒီဇိုင်းပညာရှင် ‘ပြည်မိုးငြိမ်း’ နဲ့ ရှေးဟောင်းသုတေသနပါရဂူဘွဲ့အတွက်စာတမ်းရေးနေတဲ့ ‘မြဝန်းရံ’။
ပို့ဇ်နန်မြို့ရဲ့နှင်းထူထပ်တဲ့တစ်နေ့မှာ ‘မြဝန်းရံ’ ကော်ဖီဆိုင်ဝင်ထိုင်ရင်း လူပြည့်နေတဲ့ဆိုင်ထဲမှာပြန်မထွက်ချင်ဘဲနဲ့ ဆိုင်ဝန်ထမ်းရဲ့နေရာချထားမှုကိုမစောင့်ဆိုင်းတော့ဘဲ ယောက်ျားတစ်ယောက်တည်းထိုင်နေတဲ့စားပွဲမှာ ထိုင်ခုံအလွတ်ရှိ‌နေတာမို့ ထိုင်ခွင့်တောင်းရင်း မထင်မှတ်ဘဲမြန်မာလူမျိုး ‘ပြည်မိုးငြိမ်း’ နဲ့တွေ့ဆုံခဲ့ပြီး၊
စကားစမြည်ပြောဖြစ်ခဲ့ကြရာမှစ၍ သူတို့နှစ်ဦးရဲ့ဆက်ဆံရေးစတင်ခဲ့ပါတယ်။

‘ပြည်မိုးငြိမ်း’က ကမ္ဘာကြီးပေါ်မှာ အဆိုးထက် အကောင်းတွေက အားကြီးခဲ့လို့သာ ခုလိုလူသားတွေဆက်လက်တည်ရှိနေဆိုတဲ့ အချက်ကိုလက်ကိုင်ထားသူဖြစ်ပြီး၊ ‘မြဝန်းရံ’က‌တော့ လောကကြီးမှာအကောင်းတွေရှိပါတယ်ဆိုပြီး ချွေးသိပ်နေရုံထက် မကောင်းမှုတွေအကြောင်းကိုပြောပြပြီး သတိ‌ပြုနေထိုင်တာကမှန်တယ်ဆိုပြီး လက်ခံယုံကြည်ထားသူဖြစ်တယ်။

သူတို့နှစ်ဦးရဲ့ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ အမြင်နှစ်ခုနဲ့ အပြန်အလှန်အချီအချပြောကြရင်း နောက်ဆုံးမှာ မကောင်းမှုတစ်ခုမှမရှိခဲ့တဲ့နေရာတစ်ခုရှိမရှိ အလောင်းအစားပြုလုပ်ခဲ့ကြတယ်။
လောင်းကြေးအနေနဲ့ ‘မြဝန်းရံ’ရှုံးခဲ့ရင် ‘ပြည်မိုးငြိမ်း’ကိုလက်ထက်ရပြီး၊
‘ပြည်မိုးငြိမ်း’ရှုံးခဲ့ရင်တော့ လက်ရှိလုပ်နေတဲ့အလုပ်နဲ့ပညာကို တသက်တာစွန့်လွှတ်ရလိမ့်မယ်။

အဲ့ဒီလိုအလျော်အစားပြင်းတဲ့ လောင်းကြေးထပ်မှုမှာ မန္တလေးတိုင်းထဲက အောင်မြေသာစံမြို့နယ်မှာ ဆိုးယုတ်မှုကင်းတယ်လို့ ‘ပြည်မိုးငြိမ်း’ကအခိုင်အမာပြောဆိုတင်သွင်းခဲ့ပြီး၊ ‘မြဝန်းရံ’က ထိုနေရာရဲ့ဆိုးယုတ်မှုကို ရှာဖွေဖော်ထုတ်ပေးရမှာဖြစ်တယ်။
တစ်ခါမှမသိကျွမ်းဖူးတဲ့ မြန်မာလူမျိုးနှစ်ယောက် နိုင်ငံရပ်ခြားမှာ အလောင်းအစားလုပ်ခဲ့ပြီး ထိုအလောင်းအစားမှာ ဘယ်သူနိုင်မှာလဲဆိုတာကို စိတ်ဝင်စားစွာဖတ်ရှုရမှာပဲဖြစ်ပါတယ်။

‘မြဝန်းရံ’ အောင်မြေသာစံမြို့နယ်မှာဆိုးယုတ်မှုရှိ၊မရှိ ကိုယ်တိုင်သွားလေ့လာတဲ့အခါမှာ စစချင်းမှာပဲ ၁၀နှစ်သမီးရွှေမှုန်ဝင်းလေးရဲ့မုဒိန်းကျင့်ခံရပြီး အသက်ခံရမှုကို‌ခြေရာကောက်လိုက်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ ထိုအမှုဖြစ်တဲ့နေရာက အောင်မြေသာစံမြို့နယ်ထဲမှာမပါဝင်ခဲ့ပါ။ ဒီလိုနဲ့ တစ်ရွာပြီးတစ်ရွာဆိုးယုတ်မှုကိုရှာဖွေနေစဉ် ‘ပြည်မိုးငြိမ်း’နဲ့ပြန်လည်တွေ့ဆုံခဲ့ကြပြီး ‘မြဝန်းရံ’ကသူ့ရဲ့ခရီးစဉ်မှာ ‘ပြည်မိုးငြိမ်း’လာရှုပ်ပြီး မကောင်းမှုကိုဖုံးကွယ်ဖို့ကြိုးစားနေတာလို့ ယုံကြည်လက်ခံထားတယ်။

‘မြဝန်းရံ’စိတ်ရှုပ်ရှုပ်နဲ့ပဲ ဆက်လက်မေးမြန်းစုံစမ်းရင်း ‌‌ ရှေးမီနောက်မီဆရာတော်တစ်ပါးထံက ရွာလုံးကျွတ်မီးရှို့ခံရဖူးတဲ့ကိစ္စကိုသိရှိသွားပြီး၊
ထိုအဖြစ်အပျက်မှန်မမှန်ဆက်လက်စုံစမ်းရပါတော့တယ်။

ဆရာတော်ရဲ့ မွေးစားအစ်ကို’ဦးကောက်ရ’က ထိုမီးရှို့ခံရဖူးတဲ့ရွာနဲ့ပတ်သက်တဲ့သူဖြစ်ပေမယ့် စကားမပြောတတ်ရှာပေ။ ဒါ့အပြင် ဆရာတော်ရဲ့မယ်တော်က ထိုအကြောင်းကိုသိပေမယ့် လေဖြတ်ထားတဲ့အပြင် အသက်ကိုးဆယ်ကျော်ဖြစ်တာကြောင့် ဘာမှမမေးနိုင်ခဲ့ပေ။ ဒါကြောင့် ‘ဦးကြီးကောက်ရ’ဆီကပဲ သိလိုသိငြား ဦးကြီးထံပဲချဉ်းကပ်ရပေတော့သည်။

ဦးကြီးကလည်း ‘ပြည်မိုးငြိမ်း’ကိုခင်မင်သွားပြီး မြို့ပေါ်သွားတော့လည်း သူ့ရဲ့အမွေရထားတဲ့ခြံကြီးထဲမှာ ဦးကြီးကိုတည်းခိုစေသည်။ ‘မြဝန်းရံ’ကတော့ဆိုးယုတ်မှုကိုမတွေ့တွေ့အောင် ဆက်လက်ရှာဖွေနေဆဲပင်။

‘ပြည်မိုးငြိမ်း’ကတော့ သူမအပေါ်တစ်ဖတ်သက်ခံစားမှုတွေနဲ့ ‘မြဝန်းရံ’အဆင်ပြေစေဖို့ အကူအညီတွေပေးခဲ့တယ်။ ဒီလိုနဲ့ပဲ ‘ဦးကြီးကောက်ရ’နဲ့ နီးနီးကပ်ကပ်ရှိဖို့ ‘ပြည်မိုးငြိမ်း’ရဲ့ခြံထဲကိုလိုက်သွားတဲ့အခါ ‘ပြည်မိုးငြိမ်း’နဲ့အတူအလုပ်တွဲလုပ်နေတဲ့ ‘မသိရိဝေ’နဲ့တွေ့ပြီး ထိုသူနှစ်ယောက်ရဲ့ဆက်ဆံရေးကို ‘မြဝန်းရံ’စိတ်ထဲကမကျေမနပ်နဲ့ မနာလိုဖြစ်နေမိတယ်။ တစ်ဖက်မှာလည်း ဖော်ထုတ်ရမယ့်ဆိုးယုတ်မှုကို ဆက်လက်ရှာဖွေရင်း အလောင်းအစားမှာလည်းနိုင်ချင်၊ ‘ပြည်မိုးငြိမ်း’အပေါ်လည်းစိတ်ခံစားချက်တွေရှိနေပြီး ရှေ့တိုးရခက် နောက်ဆုတ်ရခတ်တဲ့အနေအထားကို ဆရာမ”ဂျူး”ရဲ့ ပြောင်မြောက်ရဲ့အရေးအသား၊ ဇာတ်လမ်းဇာတ်ကွက်ခိုင်မာစွာနဲ့ ရသမြောက်စွာတင်ဆက်ထားမှုကို ခံစားမှုအဖုံဖုံနဲ့ဖတ်ရှုရမှာဖြစ်ပါတယ်။

ဇာတ်ကောင်’မြဝန်းရံ’ရဲ့ စိတ်ခံစားချက်တွေ၊ အတွေးတွေနဲ့ မိန်းကလေးတွေရဲ့အတွင်းစိတ်သဘောသဘာဝတွေကို အနုစိတ်ခြယ်မှုန်းထားက ဇာတ်လမ်းကိုပိုပြီးရုပ်လုံးကြွစေပြီး လက်ကမချချင်လောက်အောင်ဆွဲဆောင်လွန်းပါတယ်။(ကိုယ်ကတော့ သဘာကျလို့ ဒုတိယအကြိမ်ပြန်ဖတ်ပြီးပြီး^_^)

‘ပြည်မိုးငြိမ်း’က အောင်မြေသာစံမြို့နယ်မှာ ဆိုးယုတ်မှုမရှိဘူးလို့ တထစ်ချယုံကြည်ထားပြီး သူနိုင်မယ်လို့တွက်ထားလို့ ‘မြဝန်းရံ’ကိုအကူအညီတွေပေးနေတာလား
ဒါမှမဟုတ် သူကိုယ်တိုင်ကပဲဆိုးယုတ်မှုကိုသိပြီး ‘မြဝန်းရံ’ရှာမရအောင် လိုက်ဖုံးကွယ်နေတာလား။
‘မြဝန်းရံ’ကရော အေးချမ်းသာယာပါတယ်ဆိုတဲ့ ထိုနေရာရဲ့ဆိုးယုတ်မှုကို တကယ်ပဲရှာတွေ့ခဲ့တာလား။
မီးရှို့ခံရတဲ့ရွာနဲ့ဆက်စပ်မှုရှိတဲ့ ‘ဦးကြီးကောက်ရ’ဆီကရော သူမဘာတွေအကူအညီရသလဲ။ စကားမပြောတတ်တဲ့ဦးကြီးကရောသူမကိုအကူအညီပေးနိုင်ရဲ့လား။
ရွာမီးရှို့ခံရဖူးတယ်ဆိုတာကရော တကယ်ရှိခဲ့တာလား။
‘ပြည်မိုးငြိမ်း’နဲ့ ‘မြဝန်းရံ’တို့နှစ်ဦးရဲ့အလောင်းအစားမှာ ဘယ်သူကအနိုင်ရသွားတာလဲ။
အလောင်းအစားရဲ့နောက်ကွယ်က သူတို့နှစ်ဦးရဲ့စိတ်ခံစားချက်တွေကရောဘယ်လိုဖြစ်နေမလဲ…စတဲ့အကြောင်းအရာတွေကိုသိချင်တယ်ဆိုရင်တော့ ဆရာမ”ဂျူး”ရေးသားတဲ့ “ပိုချစ်ရတဲ့သူ ကိုယ်ပဲဖြစ်ပါစေ…”ဆိုတဲ့ လုံးချင်းဝတ္ထုလေးကိုဖတ်ကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ။

#၂၀၂၂
#ဂျူး
#ပိုချစ်ရတဲ့သူကိုယ်ပဲဖြစ်ပါစေ

About Author

ဂျူး
8 Books

ဆရာမဂျူးကို ရေနံချောင်းမြို့၌ ၁၉၅၈ ခုနှစ် စက်တင်ဘာလ ၂၀ ရက် စနေနေ့တွင် အဘ ဦးသောင်းနှင့် အမိ ဒေါ်ငြိမ်းတို့မှ မွေးဖွားသည်။ အမည်ရင်းမှာ တင်⁠တင်ဝင်း ဖြစ်သည်။ မွေးချင်း (၅)ယောက်အနက် တတိယမြောက်ဖြစ်သည်။

ရေနံချောင်းမြို့တွင် သူငယ်တန်း၊ ကုန်းဇောင်းရွာတွင် သူငယ်တန်းမှ ပဉ္စမတန်းထိ၊ ရေနံချောင်းမြို့အမှတ် (၁) အစိုးရ အထက်တန်း ကျောင်းများတွင် ဆဋ္ဌမတန်းမှ ဒသမတန်းထိ ပညာသင်ကြားခဲ့သည်။ ၁၉၇၆-ခုနှစ်တွင် မန္တလေးဆေးတက္ကသိုလ် တက်ရောက်ခဲ့ပြီး ၁၉၈၃-ခုနှစ်တွင် အမ်ဘီ⁠ဘီအက်စ် ဘွဲ့ရရှိခဲ့သည်။

၁၉၇၉ ခုနှစ် မန္တလေး ဆေးတက္ကသိုလ် နှစ်လည်မဂ္ဂဇင်းပါ ရာဇဝင် ထဲမှာ မောင့်ကို ထားရစ်ခဲ့ ဝတ္ထုတိုသည် ပထမဆုံး ပုံနှိပ် ဖော်ပြခံရသော စာမူ ဖြစ်သည်။ ၁၉၈၁ ခုနှစ် ရှုမဝမဂ္ဂဇင်းပါ သက်ငင်ချစ် (ချစ်ကိုယ်တွေ့) ဝတ္ထုတိုဖြင့် စာပေနယ်သို့ စတင် အခြေချ နိုင်ခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် ပထမဦးဆုံးလုံးချင်းဝတ္ထု ဖြစ်သော အမှတ်တရ ဝတ္ထု (ဝေဖန်ခံရသော စာအုပ်) ဖြင့် အောင်မြင်သော စာရေးဆရာမ ဖြစ်လာခဲ့ပါသည်။

မဟေသီ၊ ဒဂုန်၊ ဟန်သစ်၊ ချယ်ရီ၊ ကလျာ၊ စပယ်ဖြူ မဂ္ဂဇင်း များတွင်လည်း ဝတ္ထုတို၊ မဂ္ဂဇင်း ဝတ္ထုရှည်နှင့် ဆောင်းပါးများ ရေးသားသည်။ ဆရာမဂျူး ရေးသား ခဲ့သော စာအုပ်များအနက် ကြာတော့သည်လည်း မောင့်စကားကြေမွသွားသော တိမ်တိုက်များ အကြောင်းပင်လယ်နှင့်တူသော မိန်းမများမရှိမဖြစ်မိုးမြစ်တို့၏ မာယာကြယ်စင်တံတား ကမ်းပါးနှင်းဖြူ မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်စသည် ဝတ္ထုများကို ရုပ်ရှင်ကားများအဖြစ် ရိုက်ကူးခဲ့ရသည်။ စတုတ္ထတန်း အရွယ်တွင် မိခင် ဖြစ်သူက စာရေးဆရာ ဓူဝံ၏ မာလာ ဝတ္ထုကို ပေးဖတ် ခဲ့သည်။ ထိုအချိန်မှ စ၍ စာရေး ဆရာနှင့် ဝတ္ထု အတတ် ပညာကို စိတ်ဝင်စားကာ စာရေးဆရာ ဖြစ်ချင်ခဲ့သည်။ မူလရည်ရွယ်ချက်မှာ တက္ကသိုလ်တွင် ဆရာမ လုပ်ကိုင်ရင်း စာရေးဆရာမ ဖြစ်ရန်ရည်ရွယ်ခဲ့သည်။ ဆယ်တန်း ဖြေပြီးချိန် ၁၉၇၆-ခုနှစ်တွင် မန္တလေးဆေးတက္ကသိုလ် တက်ရောက်ခဲ့သည်။

၁၉၇၉ ခုနှစ် မန္တလေး ဆေးတက္ကသိုလ် နှစ်လည်မဂ္ဂဇင်းပါ ရာဇဝင် ထဲမှာ မောင့်ကို ထားရစ်ခဲ့ ဝတ္ထုတိုသည် ပထမဆုံး ပုံနှိပ် ဖော်ပြ ခံရသော စာမူ ဖြစ်သည်။ ၁၉၈၁ ခုနှစ် ရှုမဝ ရုပ်စုံမဂ္ဂဇင်းပါ *သက်ငင်ချစ် *(ချစ်ကိုယ်တွေ့) ဝတ္ထုဖြင့် စာပေနယ်သို့ စတင် အခြေချ နိုင်ခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် အမှတ်တရ ဝတ္ထုဖြင့် အောင်မြင်သော စာရေးဆရာ (ဝေဖန်ခံရသော စာအုပ်) ဖြစ်လာသည်။ ၁၉⁠၉၄ ခုနှစ်တွင် ကိုယ်တိုင် ထုတ်ဝေသူ ဖြစ်လာ ခဲ့ပြီး ဂျူးစာပေတိုက်ကို တည်ထောင် ခဲ့သည်။ အရောင်များနှင့်ကစားခြင်း ဝတ္တတိုပေါင်းချုပ်အပါအဝင် ဝတ္တတိုပေါင်းချုပ် (၇)အုပ် ကျွန်မချစ်သော မြို့တမြို့ကျွန်မချစ်သောနိုင်ငံကျွန်မချစ်သောကမ္ဘာမြေ နှင့် အစိမ်းရောင် အမွေအနှစ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆောင်းပါးများ စာအုပ်(၄)အုပ် ကို ရေးသားထုတ်ဝေခဲ့ပါသည်။ မြန်မာစာပေနှင့် နိုင်ငံတကာစာပေအကြောင်းကို ကျွန်မဖတ်ခဲ့သော စာအုပ်များ အမည်ဖြင့် ရေးသားထုတ်ဝေခဲ့ပြီးဖြစ်ပါသည်။ နိုင်ငံတကာရေးရာ နှင့်ပတ်သက်၍ အမုန်းကြောင့်ဖြစ်သော စစ်ပွဲများအောက်ခြေသန်းတထောင် စာအုပ်များကို ရေးသားထုတ်ဝေခဲ့ပါသည်။ ဂျူး ရေးသား ခဲ့သော စာအုပ်များ အနက် ကြာတော့သည်လည်း မောင့်စကားကြေမွသွားသော တိမ်တိုက်များ အကြောင်းပင်လယ်နှင့်တူသော မိန်းမများမရှိမဖြစ်မိုးမြစ်တို့၏ မာယာ စသည် တို့ကို ရုပ်ရှင် ရိုက်ကူး ခဲ့ရသည်။ တစ်ဦးတည်းသော သား ဝတ္ထုကို (၁၉⁠၉၀) ပြည့်နှစ်တွင် ဗီဒီယို ရိုက်ကူးခဲ့သည်။ ဂျူး ရေးသား ခဲ့သော ဝတ္ထုများ အနက် ရိုမန်တစ် တစ္ဆေ (မြန်မာ အမျိုးသမီး စာရေး ဆရာမ ၁၂ ဦး) ကို ၁၉၈၆ ခုနှစ်က လည်းကောင်း၊ *အဝေးကြည့် မှန်ပြောင်း * (နားကြပ်ကိုဆောင် ကလောင်ကို ကိုင်ဆွဲ) ကို ၁၉၈၇ ခုနှစ်က လည်းကောင်း ဂျပန်ဘာသာသို့ ပြန်ဆိုခဲ့သည်။

ယခုနောက်ဆုံးထုတ်ဝေခဲ့သော စာအုပ်မှာ ၂၀၁၈ခုနှစ် ဇူလိုင်လထုတ် သက်တန့်တို့ဖြင့်ရက်ဖွဲ့ ချစ်သူရဲ့ခြုံလွှာ ဖြစ်၍ ၂၀၁၈ ခုနှစ်အတွက် အမျိုးသားစာပေဆု (ဝတ္ထုရှည်) ချီးမြှင့်ခြင်းခံရသည်။

ဆရာမဂျူးသည် ယခုအခါ ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်လျှက်ရှိပါသည်။

0 Reviews