BOOK DETAILS

ငှက်ကလေး

Language : မြန်မာ
Publisher :  မိုးကြည်စာပေ
Year :  1990
File Info :  kfx

မိသားစုတစ်စု၌ လူသုံးယောက်သာရှိ၏။ အဖေနှင့်အမေက မတည့်ကြ။ မခေါ်မပြောဘဲနေကြသည်။ သားဖြစ်သူကား (၁၂) နှစ်အရွယ် ဆဋ္ဌမတန်းကျောင်းသားတစ်ဦး။ ကလေးပီပီ မိဘမေတ္တာကို လိုချင်နေသည်။ သို့သော် အဖေဖြစ်သူက အေးစက်လှသည်။ အမေဖြစ်သူသည်လည်း ကလေးအပေါ် အချိန်များစွာမပေးနိုင်။ ထိုအချိန်တွင် ကျောင်း၌ မိသားစုသဖွယ် ခင်တွယ်ရသော သူငယ်ချင်းများ ရလာသည်။ ထိုသူငယ်ချင်းတို့၏ မိသားစုများသည် စိုပြေလှသည်။ ချစ်ခြင်းမေတ္တာတို့နှင့် ပြည့်စုံသည်။သို့ကြောင့် ထိုကလေးသည် သူ၏အဖေနှင့်အမေကို ပြန်လည်ပေါင်းစည်းစေချင်သည်။ သူများနည်းတူ ပျော်ရွှင်သော မိသားစုဘဝလေးကို ပိုင်ဆိုင်ချင်လာသည်။ ထိုအချိန်၌ အမေဖြစ်သူနှင့် အဖေဖြစ်သူတို့၏ ဆက်ဆံရေးသည် ပို၍ အေးစက်လာသောအခါ…..

ငှက်ကလေးအမည်ရ ဝတ္ထုသည် ဆရာမင်းလူ၏ ရောင်းအားအကောင်းဆုံးစာအုပ်တစ်အုပ်ဖြစ်သည်။ ငါတို့စာပေ စာအုပ်တိုက်မှ ပဉ္စမအကြိမ်အဖြစ် (၂၀၁၇) ဇူလိုင်လတွင် ထုတ်ဝေခဲ့သေးသည်။ (ထို့နောက် ဆက်လက်ထုတ်ဝေခြင်း ရှိ၊ မရှိ မသိပါ။) ဤစာအုပ်တွင် အဆင်မပြေသော မိသားစုတစ်စုအတွင်းရှိ အဖြစ်အပျက်၊ အကြောင်းအရာများကို (၁၂)နှစ်အရွယ် ကလေးတစ်ဦး၏ အတွေးများဖြင့် ပေါ်လွင်အောင် ရေးသားတင်ပြထားသည်။ ထို့ပြင် ဝတ္ထုသဘောအရ ရသပိုင်းတွင်လည်း ချွင်းချက်မရှိ။ စာမျက်နှာကား စုစုပေါင်း နှစ်ရာကျော်သည်။ သို့သော် စာဖတ်သူ၏ စိတ်ဝင်စားမှုကို စာမျက်နှာ(၃၀)ခန့်ကပင်စ၍ ဆွဲယူသွားနိုင်သည်။ ဖတ်သင့်ဖတ်ထိုက်သော ဝတ္ထုကောင်းတစ်ပုဒ်ဖြစ်သည်။ စာအုပ်တန်ဖိုးမှာ (၃၀၀၀) ခန့်သာရှိ၍ လုံးချင်းဝတ္ထုတစ်အုပ်အနေဖြင့် ဈေးသက်သာသည်ဟု ဆိုနိုင်သည်။ အလွမ်းအဆွေးကြိုက်တတ်သော စာဖတ်ပရိသတ်တို့ လက်လွှတ်မခံသင့်သော စာအုပ်တစ်အုပ်ဖြစ်ကြောင်း ကျွန်တော် ရဲရဲကြီး အာမခံပါသည်။

About Author

မင်းလူ
29 Books

မင်းလူကို စာရေးဆရာ ရုပ်ရှင် ဒါရိုက်တာ ဦးသာဓု၊ ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်ညို တို့မှ ရန်ကုန်မြို့ အမှတ် (၁၄၇) (၄၇)လမ်းတွင် မေ ၁၈ ရက်နေ့ ၁၉၅၄ ခုနှစ်၌ မွေးဖွားခဲ့သည်။ မွေးချင်းလေးယောက်အနက် အငယ်ဆုံး ဖြစ်သည်။ အမည်ရင်းမှာ မောင်ဉာဏ်ပေါ် ဖြစ်သည်။ ၁၉၇၂ ခုနှစ်မှ ၁၉၇၇ ခုနှစ်ထိ ရန်ကုန် တက္ကသိုလ်တွင် တက်ရောက် သင်ကြားပြီး ဝိဇ္ဇာဘွဲ့ (ဒဿနိကဗေဒ) ကို ရရှိခဲ့သည်။ တက္ကသိုလ် နံရံကပ် စာစောင်နှင့် နှစ်ပတ်လည် မဂ္ဂဇင်း တို့တွင် တောကျောင်း ဘုန်းကြီး အမည်ဖြင့် ကဗျာများရေးသားခဲ့သည်။ စာအုပ်ထုတ်ဝေရေးလုပ်ငန်းလုပ်ဆောင်ခဲ့သည်။ ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး ခေတ္တထိန်းသိမ်းခံခဲ့ရသည်။

၁၉၇၆ ခုနှစ်တွင် ရုပ်ရှင် ပဒေသာ မဂ္ဂဇင်း၌ ""နေဝင်သွားတော့ လထွက်သည်"""ဝတ္ထုတို စတင် ဖော်ပြခံပြီး စာပေနယ်သို့ ဝင်ရောက်ခဲ့သည်။

မစန်းစန်းအောင် (တက္ကသိုလ် စာကြည့်တိုက် ဝန်ထမ်း) နှင့် ၁၉၈၁ ခုနှစ်တွင် လက်ထပ်ခဲ့ရာ သူမ နှင့် စာရေးဆရာမ ယုယဟူ၍ သမီးနှစ်ဦး ထွန်းကားခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် ဗီဒီယိုနှင့် ရုပ်ရှင် ဇာတ်ညွှန်းများစတင်ရေးသားခဲ့သည်။

၁၉၈၉ ခု၊ စက်တင်ဘာလ ၂၆ ရက်တွင် "ဘာတွေဖြစ်ကုန်ကြပြီလဲ" ဆိုသည့် ၁၉၈၈ နောက်ပိုင်း ခေတ်စနစ်ကို ရောင်ပြန်ဟပ်စေသည့် ကဗျာရှည်ကို ရေးသားခဲ့သည့်အတွက် တည်းဖြတ်သူ မျိုးမြင့်ညိမ်း၊ ထုတ်ဝေသူ ကိုစိန်လှိုင်တို့နှင့်အတူ ထောင်ဒဏ် (၇) နှစ် ကျခံခဲ့ရသည်။ [၁][၂]

၁၉၉၁ မှ ၁၉၉၃ ထိ စာအုပ်များ ရေးသားထုတ်ဝေနိုင်ခြင်းမရှိခဲ့ချေ။

၂၀၀၉ ခုနှစ်တွင် "မင်းကိုဉာဏ်"ကလောင်အမည်ခွဲဖြင့် ဖူးငုံဆယ်ကျော်သက် မဂ္ဂဇင်းတွင် "ဖတ်ကြည့်ပါ"(စာအုပ်အညွှန်း ကဏ္ဍ)ကို စတင်ရေးသားခဲ့သည်။

မိသားစုနှင့် အတူ သင်္ကန်းကျွန်း သာဓုခြံရှိ မိခင်၏နေအိမ်တွင် နေထိုင်၍ ဝတ္ထု၊ ကဗျာ၊ အက်ဆေး၊ ဇာတ်ညွှန်းများ ရေးသားခဲ့သည်။ ထုတ်ဝေပြီး စာအုပ်များကို ရုပ်ရှင်ဇာတ်ညွှန်းများစွာ ရိုက်ကူးခြင်းခံခဲ့ရပြီး အများစုကို ကိုယ်တိုင်ဇာတ်ညွှန်း ရေးခဲ့သည်။

0 Reviews